Wednesday, June 1, 2011

ဂုဏ်သိက္ခာ

စန္ဒကူး နံ့သာသည်
အဆီအသား ခန်းခြောက် သော်လည်း
မွှေးသော ရနံ့ကို မစွန့်ချေ။
ကေသရာဇာ ခြင်္သေ့မင်းသည်
ငတ်မွတ် ခေါင်းပါး သော်လည်း
မြက်သစ်ရွက်ကို မစားချေ။
ကြံပင်သည်
ကြံညှစ် ယန္တရားသို့ ရောက်သော်လည်း
ချိုသော အရသာကို မစွန့်ချေ။
မင်းစီးသော ဆင်ရတနာသည်
စစ်မြေပြင်သို့ ရောက်သော်လည်း
မိမိ၏ တည်ငြိမ်ခြင်း
အသရေကို မစွန့်ချေ။
ပတ္တမြားသည်
ညွန်ဗွက်မှာ နစ်သော်လည်း
တောက်ပ ကြည်လင်သော
မိမိ အရောင်ကို မစွန့်ချေ။
သူတော်ကောင်းသည်
ဆင်းရဲ ကြုံသော်လည်း
အကျင့် သီလကို မစွန့်ချေ။
မြတ်သော အကျင့်
မြတ်သော အခြင်းအရာ
မြတ်သော အရောင်အသွေးကို
အခါ ခပ်သိမ်း မစွန့်
အဆုံးတိုင် မစွန့်ခြင်းကို
''ဂုဏ်သိက္ခာ'' ဟု
လောက ပညတ် ထားပါသည်။

ထို့ကြောင့်ပင်....
"ဂုဏ်သိက္ခာ" ၏ အဓိပ္ပါယ်ကို
စိတ်၏ အဆင်းတန်ဆာ ဟူ၍ လည်းကောင်း၊
ကောင်းမှု၌ ရဲရင့်ခြင်း သတ္တိ ဟူ၍ လည်းကောင်း၊
မကောင်းမှု၌ ရှက်ခြင်း ဟူ၍ လည်းကောင်း၊
ဖြောင့်မတ်ခြင်း၌ တည်တံ့ခြင်း ဟူ၍ လည်းကောင်း၊
မုသား၌ နှုတ်ပိတ်ခြင်း ဟူ၍ လည်းကောင်း၊
ကဲ့ရဲ့ခြင်း၌ ရှောင်သွေခြင်း ဟူ၍ လည်းကောင်း၊
ချီးမွမ်းခြင်းအား လိုလားခြင်း ဟူ၍ လည်းကောင်း၊
ကြည်ညိုခြင်းအား ခံထိုက်ခြင်း ဟူ၍ လည်းကောင်း၊
မြတ်နိုးခြင်းအား ဆောင်ယူခြင်း ဟူ၍ လည်းကောင်း၊
ဘုန်းတန်ခိုး၏ ထွန်းတောက်ခြင်း ဟူ၍ လည်းကောင်း၊
ရှိခိုးခြင်း၏ ဆောက်တည်ရာ ဟူ၍ လည်းကောင်း
အထပ်ထပ် ဖွင့်ဆို အပ်ပါသတည်း။

No comments:

Post a Comment