Tuesday, May 31, 2011

ရွံရှာ စက်ဆုပ် စရာများ

မစင်ပုပ်သည် လည်းကောင်း၊
အကောင်ပုပ်သည် လည်းကောင်း၊
ကုဋ္ဌနူနာသည် လည်းကောင်း၊
အကျင့်ပျက် မိန်းမသည် လည်းကောင်း၊
ပါရာဇိက ကျသော ရဟန်းသည် လည်းကောင်း၊
သစ္စာ ဖောက်သော ဘက်တော်သားသည် လည်းကောင်း၊
သီလကြောင် လည်းကောင်း၊
အားငယ်သူကို အနိုင်ကျင့်ခြင်း လည်းကောင်း၊
အမျိုးကို မစောင့်ရှောက်ခြင်း လည်းကောင်း၊
မိအို ဖအိုကို စွန့်ပစ်ထားခြင်း လည်းကောင်း၊
ကျေးဇူးရှင်ကို ပြစ်မှားခြင်း လည်းကောင်း၊
သင့်မြတ်သူကို ရန်တိုက်ခြင်း လည်းကောင်း၊
မမှန် သက်သေ ထွက်ဆိုခြင်း လည်းကောင်း၊
ထောင်လွှားသော မျက်နှာ လည်းကောင်း၊
မုသား၌ ကျင်လည်သော နှုတ်လျှာ လည်းကောင်း၊
မနိုင်ဝန်ကို ထမ်းခြင်း လည်းကောင်း၊
မထိုက်ဘဲလျက် ခံစားလိုခြင်း လည်းကောင်း၊
ရသင့်သည်ထက် ပို၍ ယူခြင်း လည်းကောင်း၊
လောက မျက်မြင်
ရွံရှာ စက်ဆုပ်ချင်ဖွယ်များ ပင်တည်း။

Monday, May 30, 2011

ဘဝ ခံစားချက်

ပျိုရွယ်စဉ် အခါသည်
နံနက်ခင်းနှင့် တူလှပေ၏ ။
ပွင့်သော ပန်းကဲ့သို့
လှပခြင်း အဆင်းရှိ၏ ။
ရွှင်လန်းသော စိတ်ကို ဖြစ်စေ၏။
ဆီးနှင်းဖြင့် ရွှန်းစိုသော
မြက်ပင်နှင့်လည်း ပမာတူ၏ ။
စိမ်းလန်းခြင်းဖြင့် စိုပြည်နေ၏ ။
ဘဝသည် မျှောလင့်ချက် နေခြည်အောက်ဝယ်
တလက်လက် တောက်ပလျက် ရှိ၏ ။
ဆော့မြူးသော မြောက်ပြန်လေရူးကဲ့သို့
လျင်မြန်သော ရင်ခုန်သံတို့သည်
တဖျပ်ဖျပ် လှုပ်ရှား၍ နေလေ၏ ။
ဖြည်းဖြည်း ရင်ကျက်သော
တက်နေ၏ နည်းတူ
ရဲရင့်ခြင်း သတ္တိသည်
တိုးပွား ဖြစ်ပေါ်ဆဲ ဖြစ်၏ ။
အခိုင်း မခံရသေးသော
နွားပေါက်သည်
သစ်သောအားဖြင့်
တောင့်တင်း ခိုင်မာသကဲ့သို့
ဗလသိဒ္ဓိ၏ အစွမ်းဖြင့် ထွန်းလင်းသော
အဆင်းသည် တင့်တယ်၏ ။
ဘဝကို မကြောက်တတ်သေး
ဘေးကို မမြင်တတ်သေး
အတွေးကို အမှီ မပြုသေး
ရီဝေ မူးနောက်သော အသောက်သမားသည်
ခုန်ပေါက် မြူးထူးခြင်းဖြင့် ခရီးတစ်ထောက်သို့
အရောက် သွားလေသကဲ့သို့
ဘဝ အိမ်ပေါက်ဝသို့ ဆိုက်ရောက်သွားတော့
အိပ်မက် ခရီးသည်ပါ တကား ။
ချစ်စဉ် အခါသည်....
မူးယစ် ဆေးစွဲခြင်းနှင့် ပမာ တူလှ၏ ။
တပ်မက်ခြင်းလျှင် ဆောက်တည်ရာ ရှိ၏ ။
သွေးသား၏ အငမ်းမရ
တောင့်တခြင်း 'ရမ္မက်' သည်
နှလုံး သည်းပွတ်ကို
အစဉ် နှိပ်စက် လေ၏ ။
ပူဆာ လောင်မြိုက်ခြင်းနှင့်
မိန့်မူး ကြည်နူးခြင်းသည်
ဝေဒနာ အစွန်းတရား နှစ်ပါးတည်း ။
တားဆီး အပ်သော 'အရှက'်ကို
အချစ်က မျက်ကွယ် ပြုနိုင်သည် ။
စောင့်ရှောက်အပ်သော 'အသက်' ကို
အချစ်က စွန့်လွှတ် နိုင်လေသည် ။
အမျိုးအနွယ် အမိအဘ မောင်နှမတို့၌
ငဲ့ကွက်ခြင်း သံယောဇဉ်ကြိုးတို့ သည်လည်း
အပိုင်း ပိုင်း ပြတ်လေ၏ ။
ချိုသော အချစ် သစ်ပင်
ပေါက်သော အရပ်၌
ခါးသော အမုန်း သစ်ပင်တို့
ရှင်သန်ခြင်း မပြုနိုင်သော်လည်း
အချစ်ပင်များ နွမ်းခြောက်သော အခါ
အမုန်းပင်များ
ရုတ်တရက် ပေါက်ရောက်လာ၏ ။
ခါးလှစွာသော
အဆိပ်သီးများကို သီးကြကုန်၏ ။
မိုက်ရူးရဲခြင်း ဂုဏ်သည်
အချစ်၏ သတ္တိပင်တည်း။
သံသယ အစွန်း တပ်သော
သဝန်ကြောင်ခြင်းသည်
အချစ်၏ မျက်လုံးပင်တည်း။
ချစ်သော အခါ၌....
မိမိ၏ အဖြစ်မှန်ကို လူသိမခံဝံ့ပြီ။
လျှို့ဝှက်ခြင်းဖြင့် ဟန်လုပ်၍သာ
တတ်တခိုး နေရပြီ။
ပင့်သက်ဖြင့် လှိုက်ဖိုသော ရင်လည်း
မအေးရပြီ။
သို့သော်....
အကယ်တန္တု
သင်တုန်းဓားသွားပေါ်မှ ပျားရည်စက်ကို
လျှာဖြင့် လျက်ရခြင်းအား
ချိုသည်ဟု ဆိုနိုင်လျှင်....
အချစ်ကို ပွေ့ဖက်၍ နေရခြင်းသည်လည်း
နာကျင်စွာ ခံစားရ စေကာ
ချိုမြိန်သော အရသာ ရှိသည်ဟု
ဝန်ခံလျက် သစ္စဝါစာကို ဆိုနိုင်ပါသည်။

လက်ထပ်စဉ် အခါသည်
တပ်မက်ခြင်း 'ရာဂ' လျှင် ဦးစီး ဦးဆောင် ပြုလေ၏။
သူတစ်ပါး၏ လျှို့ဝှက် သိမ်းဆည်းအပ်သော
အဖိုးတန် ပစ္စည်း ရတနာကို
ပတ်ဝန်းကျင် မသိအောင်
တတ်တခိုး ယူသော
သူခိုးနှင့်လည်း အလွန် တူ၏ ။
ညဥ့်အခါ၌....
သူခိုးသည်
သူတစ်ပါး၏ လျှို့ဝှက်အပ်သော ရတနာကို
ခိုးယူ ရရှိသဖြင့် ပျော်ရွှင် ဝမ်းမြောက်သကဲ့သို့
အိမ်ထောင်ဦး ညဥ့်သည်
ထို့အတူ ပျော်ရွှင် ဝမ်းမြောက်ရသော ကာလတည်း။
ခိုးယူပြီးသော အထုပ်အထည်ဖြင့်
လာသော သူခိုးအား
မထင်မှတ်သော နေရာမှ
ထွက်လာသော ခွေးသည်
ရုတ်တရက် ကိုက်ခဲလေသော အခါ
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ
မတတ်သာ သကဲ့သို့
အိမ်ထောင်ရှင်သည်
ဘဝ ဝန်ထုပ်ကို ထမ်း၍ လျှောက်လှမ်း လာစဉ်
အမှတ်မထင် ဖြစ်ပေါ်၍ လာတတ်သော
' ကြမ္မာ ခွေးဆိုး ' က
ရုတ်တရက် ကိုက်ခဲလေလျှင်
မိမိ အဖြစ်ကို
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ မတတ်သာဘဲ
ကြိတ်မှိတ်၍သာ ခံစား ရလေတော့၏ ။
သူခိုး၏ ဘဝ အဆုံးသည်
အကျဉ်းထောင်၌ တည်သကဲ့သို့
အိမ်ထောင်ပြုခြင်း၏ ဘဝအဆုံးသည်
သံယောဇဉ် အကျဉ်းထောင်၌သာ
ဘဝ သက်ဆုံးတိုင် တည်ရလေတော့သတည်း။



အသက်ရှင်ခြင်း

သားသတ်ရုံသို့
ရှေးရှု၍ သွားသော နွား
ကြိုးစင်ပေါ်သို့
ရှေးရှု၍ သွားသော ရာဇဝတ်သား
ထိုသတ္တဝါ များသည်
ဖွင့်ထားသော သင်္ချိုင်း တံခါးကို
မြင်လျက် သွားရသဖြင့် ငိုကြကုန်၏။
စည်းစိမ် ကာမဂုဏ်
အာရုံ လှည့်ဖြားမှုကို
ခံစား၍ နေသော
အကြင် ပုထုဇဉ်ကား
အသက် ရှင်၍ နေစဉ်
ဖွင့်ထားသော သင်္ချိုင်းဝကို မမြင်
သေမည့်ရက်ကို မတွက်ဆ သောကြောင့်
ရယ်မော နေကြကုန်၏။
နေရခြင်းကား မသေချာ
သေရခြင်းသာ သေချာ သော်လည်း
မိုက်မဲသော ပုထုဇဉ်
သတ္တဝါတို့သည်
သေရေးကို မေ့၍ နေနိုင်၏။
သေရေးကို မစဉ်းစား
နေရေး အတွက်သာလျှင်
အစဉ် စဉ်းစား အားထုတ်ကြ၏။

သမုဒ္ဒရာကို
လက်ပစ်ကူးသည့် သင်္ဘောသားပမာ
နေရေးအတွက် ပုထုဇဉ်သည်
အမြဲ ကူးခတ် ရုန်းကန်နေရ၏။
ခြေကုန် လက်ပန်း ကျသည့်တိုင်
မကူးပဲ ရပ်နား၍လည်း မနေနိုင်။
အန္တရာယ် များစွာ
ဝန်းရံလျက်သာ
ခြောက်လှန့် နေသဖြင့်
ထိတ်လန့်သော စိတ်က
အချိန်ရှိသမျှ နှိပ်စက်သည်။
ကြောင့်ကြနှင့် အားငယ်ခြင်းသာ
အဖော်ရှိရကား
အချိန်ကြာလေ
အားအင် ကုန်လေ
လက်ပန်းကျလေ။
ရေမှာ ကျင်လည်သော သူ
ရေနစ်၍ သေခါနီးမှ
ကူး၍ နေခဲ့သော ကာလများသည်
အဟောသိကံ ပါတကားဟု
ဘဝကို စမ်း တဝါးဝါး
မြင်လိုက်ရလေ၏။

အကျွန်ုပ် ပုထုဇဉ်





လူဖြစ်စဉ် အခါ
အကျွန်ုပ်သည်
အကောင်းကြိုက်သော
အာသီသဖြင့် လည်းကောင်း၊
အပျော်လိုက်သော
ဝါသနာဖြင့် လည်းကောင်း၊
အချစ် မက်သော
တဏှာဖြင့် လည်းကောင်း၊
အကျိုး ပြုသော
စေတနာဖြင့် လည်းကောင်း၊
အသုံး ကျသော
စိတ်ဆန္ဒဖြင့် လည်းကောင်း၊
အပူဇော် ခံလင့်သော
အတိမာနဖြင့် လည်းကောင်း၊
ဘဝ၏ အလှကို ရှာပါသည်၊
ဘဝ၏ ရသကို ရှာပါသည်၊
ဘဝ၏ သုခကို ရှာပါသည်၊
ဘဝ၏ သုဘကို ရှာပါသည်၊
ဘဝ၏ တန်ဖိုးကို ရှာပါသည်၊
ဘဝ၏ အဓိပ္ပါယ်ကို ရှာပါသည်၊
ဘဝ၏ ဓမ္မကိုလည်း ရှာပါသည်။
ထိုစဉ်အခါ
အကျွန်ုပ် မျက်စိမှာ
ဘုရားတွင် ပူဇော်သော
ပန်းနံ့သာကို
အမှိုက်ပုံသို့
စွန့်ပစ်ခြင်း အတွက်
ဝန်မလေးသော
အိမ်ရှင်မကိုလည်း
မြင်ရဖူးပါသည်။

ဘုရားတည်ဖို့
ဆင်အပ်သော ငြမ်းကို
ဘုရားပြီးသော အခါ
ဖျက်ဆီးခြင်းတွင်
လက်မနှေးသော
ပန်းရံ ဆရာကိုလည်း
မြင်ရဖူးပါသည်။

ချစ်ရမ္မက်ဖြင့်
ရာသက်ပန် ဘဝ
ပေါင်းသင်း ခဲ့ရသော
ချစ်ဇနီး၏ အလောင်းကို
သုဿန်မှာ ထုတ်၍
မီးဖုတ် ပြာချရန်
မနှမြောသော
လင်ယောက်ျား ကိုလည်း
မြင်ရဖူးပါသည်။

အစာကျွေးပြီး
ကိုယ်တိုင် မွေးမြူသော
ခြံပေါက် ကြက်ကို
စားသောက်ရန် အတွက်
သတ်ဖြတ် ချက်ပြုတ်ခြင်း၌
မသနားတတ်သော
အိမ်ရှင် ယောက်ျားကိုလည်း
မြင်ရဖူးပါသည်။

လယ်မှာ ကိုယ်တိုင် စိုက်ပျိုးသော
ဂျုံ ပြောင်း စပါးတို့
မှည့်ဝင်း ကြသောအခါ
ထက်လှစွာသော
တံစဉ်ဖြင့် လှီးဖြတ်၍
သိမ်းယူခြင်းအား
ရက်စက်သည်ဟု မထင်သော
လယ်သမား ကိုလည်း
မြင်ရဖူးပါသည်။

တွေးကြည့်တိုင်းမှာ
ခွဲခွာခြင်း သာလျှင်
အဆုံးရှိသော၊
စွန်းပစ်ခြင်း သာလျှင်
အဆုံးရှိသော၊
ကွေကွင်းခြင်း သာလျှင်
အဆုံးရှိသော၊
ပျက်စီးခြင်း သာလျှင်
အဆုံးရှိသော၊
သုတ်သင်ခြင်း သာလျှင်
အဆုံးရှိသော၊
ပျောက်ကွယ်ခြင်း သာလျှင်
အဆုံးရှိသော၊
ချေမှုန်းခြင်း သာလျှင်
အဆုံးရှိသော
လောကဓလေ့
လူ့ဓလေ့ ကိုသာ
အကျွန်ုပ် စိတ်မှာ ပေါ်ပါသည်။

သို့ပါလျက်လည်း
အကျွန်ုပ် ပုထုဇဉ်သည်
ချီးမြှောက်ခြင်းကို
အထင်ကြီးခြင်း အမှား၊
အရာရောက်ခြင်းကို
အားကျခြင်း အမှား၊
စည်းစိမ်ချမ်းသာကို
တောင့်တခြင်း အမှား၊
လာဘ် လာဘ ကို
မျှော်ကိုးခြင်း အမှား၊
အချစ်ကို
ယုံစားခြင်း အမှား၊
ရာထူး အာဏာ ကို
အားကိုးခြင်း အမှား၊
အခွင့်အရေးကို
စောင့်စားခြင်း အမှား၊
အပျော်ကို
လိုက်စားခြင်း အမှား၊
အနာဂါတ်ကို
စိတ်ချခြင်း အမှား
စသည်....
အမှား များစွာကို
ကျူးလွန် ကာသာ
ဆင်သေမှာ နားပါသော
ကျီးမိုက် ပမာ
တပ်မက်ခြင်း တဏှာ၏
ရာဂ ထောင်ချောက်မှာ
အမိ ခံ ရသော
သားကောင်ပမာ
ဖြစ်ရရှာသည်။

ပုထုဇဉ်သည်
လောကဓံ လှိုင်းပုတ်သော အခါ....
သမုဒ္ဒရာမှာ
ဆင်သေကောင် နစ်လေမှ
သံဝေဂ မျက်ပြူးဆန်ပျာဖြင့်
ထပျံ ရှာသော်လည်း
ဆောက်တည်ရာ မဲ့ပြီ ဖြစ်သော
ကျီးမိုက် အလား
မှောက်မှားသော ဘဝမှ
လွတ်လမ်းကို ရှာသော်လည်း
အချိန် နှောင်းပြီမို့
အတောင် ညောင်းသော်လည်း
ခရီးမတွင်ပြီ။

ထိတ်လန့်ခြင်း သံဝေဂ ဖြင့်
ဘဝ၏ ထွက်ပေါက်ကို
ရှာချင်ပါလည်း
အချိန်က နှောင်းပြီ၊
နေကလည်း စောင်းပြီ၊
ကောင်းသော အားလည်း မရှိတော့၊
ကြီးသော မာန်လည်း မရှိတော့၊
ဇရာ လမ်းမှာ
အရေ ခန်း၍ နွမ်းခြောက် သွားပြီ၊
ဆံဖြူပြီ၊
သွားကျိုးပြီ၊
ပါးချိုင့်ပြီ၊
အရိုးကျဲပြီ၊
အရေကျုံ့ပြီ၊
မျက်စိမှုန်ပြီ၊
ခါးကိုင်းပြီလေ။

သူမြင်သည်ကား
စမ်းတဝါးဝါး
အောက်သို့ မှန်း၍
တန်းသွားသော
သံသရာ၏
အကုသိုလ် အဆင်းလမ်း သာမို့
ဘာမှ မတတ် နိုင်ပါ။
လက်မှိုင်ချကာ
လည်စင်း ခံရုံ သာပ
ဘဝက ဆုံးခဲ့ ပြီပဲ။
ဘဝက ရှုံးခဲ့ ပြီပဲ။