Monday, May 30, 2011

အကျွန်ုပ် ပုထုဇဉ်





လူဖြစ်စဉ် အခါ
အကျွန်ုပ်သည်
အကောင်းကြိုက်သော
အာသီသဖြင့် လည်းကောင်း၊
အပျော်လိုက်သော
ဝါသနာဖြင့် လည်းကောင်း၊
အချစ် မက်သော
တဏှာဖြင့် လည်းကောင်း၊
အကျိုး ပြုသော
စေတနာဖြင့် လည်းကောင်း၊
အသုံး ကျသော
စိတ်ဆန္ဒဖြင့် လည်းကောင်း၊
အပူဇော် ခံလင့်သော
အတိမာနဖြင့် လည်းကောင်း၊
ဘဝ၏ အလှကို ရှာပါသည်၊
ဘဝ၏ ရသကို ရှာပါသည်၊
ဘဝ၏ သုခကို ရှာပါသည်၊
ဘဝ၏ သုဘကို ရှာပါသည်၊
ဘဝ၏ တန်ဖိုးကို ရှာပါသည်၊
ဘဝ၏ အဓိပ္ပါယ်ကို ရှာပါသည်၊
ဘဝ၏ ဓမ္မကိုလည်း ရှာပါသည်။
ထိုစဉ်အခါ
အကျွန်ုပ် မျက်စိမှာ
ဘုရားတွင် ပူဇော်သော
ပန်းနံ့သာကို
အမှိုက်ပုံသို့
စွန့်ပစ်ခြင်း အတွက်
ဝန်မလေးသော
အိမ်ရှင်မကိုလည်း
မြင်ရဖူးပါသည်။

ဘုရားတည်ဖို့
ဆင်အပ်သော ငြမ်းကို
ဘုရားပြီးသော အခါ
ဖျက်ဆီးခြင်းတွင်
လက်မနှေးသော
ပန်းရံ ဆရာကိုလည်း
မြင်ရဖူးပါသည်။

ချစ်ရမ္မက်ဖြင့်
ရာသက်ပန် ဘဝ
ပေါင်းသင်း ခဲ့ရသော
ချစ်ဇနီး၏ အလောင်းကို
သုဿန်မှာ ထုတ်၍
မီးဖုတ် ပြာချရန်
မနှမြောသော
လင်ယောက်ျား ကိုလည်း
မြင်ရဖူးပါသည်။

အစာကျွေးပြီး
ကိုယ်တိုင် မွေးမြူသော
ခြံပေါက် ကြက်ကို
စားသောက်ရန် အတွက်
သတ်ဖြတ် ချက်ပြုတ်ခြင်း၌
မသနားတတ်သော
အိမ်ရှင် ယောက်ျားကိုလည်း
မြင်ရဖူးပါသည်။

လယ်မှာ ကိုယ်တိုင် စိုက်ပျိုးသော
ဂျုံ ပြောင်း စပါးတို့
မှည့်ဝင်း ကြသောအခါ
ထက်လှစွာသော
တံစဉ်ဖြင့် လှီးဖြတ်၍
သိမ်းယူခြင်းအား
ရက်စက်သည်ဟု မထင်သော
လယ်သမား ကိုလည်း
မြင်ရဖူးပါသည်။

တွေးကြည့်တိုင်းမှာ
ခွဲခွာခြင်း သာလျှင်
အဆုံးရှိသော၊
စွန်းပစ်ခြင်း သာလျှင်
အဆုံးရှိသော၊
ကွေကွင်းခြင်း သာလျှင်
အဆုံးရှိသော၊
ပျက်စီးခြင်း သာလျှင်
အဆုံးရှိသော၊
သုတ်သင်ခြင်း သာလျှင်
အဆုံးရှိသော၊
ပျောက်ကွယ်ခြင်း သာလျှင်
အဆုံးရှိသော၊
ချေမှုန်းခြင်း သာလျှင်
အဆုံးရှိသော
လောကဓလေ့
လူ့ဓလေ့ ကိုသာ
အကျွန်ုပ် စိတ်မှာ ပေါ်ပါသည်။

သို့ပါလျက်လည်း
အကျွန်ုပ် ပုထုဇဉ်သည်
ချီးမြှောက်ခြင်းကို
အထင်ကြီးခြင်း အမှား၊
အရာရောက်ခြင်းကို
အားကျခြင်း အမှား၊
စည်းစိမ်ချမ်းသာကို
တောင့်တခြင်း အမှား၊
လာဘ် လာဘ ကို
မျှော်ကိုးခြင်း အမှား၊
အချစ်ကို
ယုံစားခြင်း အမှား၊
ရာထူး အာဏာ ကို
အားကိုးခြင်း အမှား၊
အခွင့်အရေးကို
စောင့်စားခြင်း အမှား၊
အပျော်ကို
လိုက်စားခြင်း အမှား၊
အနာဂါတ်ကို
စိတ်ချခြင်း အမှား
စသည်....
အမှား များစွာကို
ကျူးလွန် ကာသာ
ဆင်သေမှာ နားပါသော
ကျီးမိုက် ပမာ
တပ်မက်ခြင်း တဏှာ၏
ရာဂ ထောင်ချောက်မှာ
အမိ ခံ ရသော
သားကောင်ပမာ
ဖြစ်ရရှာသည်။

ပုထုဇဉ်သည်
လောကဓံ လှိုင်းပုတ်သော အခါ....
သမုဒ္ဒရာမှာ
ဆင်သေကောင် နစ်လေမှ
သံဝေဂ မျက်ပြူးဆန်ပျာဖြင့်
ထပျံ ရှာသော်လည်း
ဆောက်တည်ရာ မဲ့ပြီ ဖြစ်သော
ကျီးမိုက် အလား
မှောက်မှားသော ဘဝမှ
လွတ်လမ်းကို ရှာသော်လည်း
အချိန် နှောင်းပြီမို့
အတောင် ညောင်းသော်လည်း
ခရီးမတွင်ပြီ။

ထိတ်လန့်ခြင်း သံဝေဂ ဖြင့်
ဘဝ၏ ထွက်ပေါက်ကို
ရှာချင်ပါလည်း
အချိန်က နှောင်းပြီ၊
နေကလည်း စောင်းပြီ၊
ကောင်းသော အားလည်း မရှိတော့၊
ကြီးသော မာန်လည်း မရှိတော့၊
ဇရာ လမ်းမှာ
အရေ ခန်း၍ နွမ်းခြောက် သွားပြီ၊
ဆံဖြူပြီ၊
သွားကျိုးပြီ၊
ပါးချိုင့်ပြီ၊
အရိုးကျဲပြီ၊
အရေကျုံ့ပြီ၊
မျက်စိမှုန်ပြီ၊
ခါးကိုင်းပြီလေ။

သူမြင်သည်ကား
စမ်းတဝါးဝါး
အောက်သို့ မှန်း၍
တန်းသွားသော
သံသရာ၏
အကုသိုလ် အဆင်းလမ်း သာမို့
ဘာမှ မတတ် နိုင်ပါ။
လက်မှိုင်ချကာ
လည်စင်း ခံရုံ သာပ
ဘဝက ဆုံးခဲ့ ပြီပဲ။
ဘဝက ရှုံးခဲ့ ပြီပဲ။








No comments:

Post a Comment